ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်

ပုသိမ် မေ ၂၉

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏(၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရ မောင်၊ မယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နိုင်ငံတော် အတွက်၊ မိမိဒေသအတွက်၊ မိမိတို့၏ မိသားစုအတွက်ပါ ဝမ်းမြောက်ဂုဏ်ယူရမည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုး၊ တိုင်းဒေသကြီးအကျိုး သယ်ပိုးဆောင်ရွက်ကြမည့်  မောင်တို့မယ်တို့သည် ကျောင်းတော်ကြီးမှ သင်ကြားပေး လိုက်သည့် ပညာရပ် များအားအခြေခံပြီး လက်​တွေ့လုပ်ငန်းခွင်သို့ ဝင်​ရောက်ကြရ​တော့မှာ ဖြစ်ပါ​ကြောင်း၊ ကဏ္ဍအသီးသီးတွင် ထူးချွန်သူများဖြစ်ကြပါ​စေ​ကြောင်း​" ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြု​ချီးမြှင့်ငွေများကို ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယ ပါမောက္ခချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား၌ မဟာကွန်ပျူတာ သိပ္ပံဘွဲ့ M.C.Sc (၃)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc(၄၈)ဦး၊ ကွန်ပျူတာ နည်းပညာ ဘွဲ့ B.C.Tech (၅)ဦး၊ စုစုပေါင်း(၅၆)ဦးအား ဘွဲ့များအပ်နှင်း​ပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက် ၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းအပ် လက်ခံမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းတက်ရမည့် အရွယ်တိုင်း ကျောင်းအပ်နှံ တက်ရောက်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ ယင်းနောက် ရေလိန်ကျေးရွာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက(၁၀၀)စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေး လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝါးခယ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာများနှင့် တွေ့ဆုံခဲ့ကာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်စေရေး၊ အခြေခံပညာကျောင်းများ ကျောင်းဖွင့်အချိန်မီ သန့်ရှင်းသာယာစေရေး၊ ကျေင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် အစောပိုင်းကာလများကပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက် ရောက်နိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ အနိမ့်ဆုံး အလယ်တန်းအဆင့် KG+9 ပြီးမြောက် စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး‌‌ရေး၊ မွေးမြူရေး အထက်တန်းကျောင်း များတွင် မိမိတို့ဝါသနာဘာသာရပ်များကို ဆက်လက်လေ့လာသင်ယူနိုင်ကြမှာဖြစ်ပါကြောင်း၊ အတန်းပညာရှိမှ အတတ်ပညာ ရရှိမှာ ဖြစ်ပါကြောင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အား ပညာရေးဖြင့် တည်ဆောက်ရမည်ဖြစ်၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံ တက်ရောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်” ပြောကြား၍ ထောက်ပံ့ငွေများနှင့် စာရေး ကိရိယာပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့် ကျောင်းအပ်နှံတက်ရောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး‌ မေးမြန်းခဲ့ပြီး ကျောင်းဆောင်သစ် အချိန်မီပြီးစီးစေရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက် ရောက်နိုင်စေရေး မှာကြားခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)