ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်း၀င်း ပိုင်ကျုံမြို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော အထူးရဲသင်တန်းရှိ သင်တန်းသားများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံ

ပိုင်ကျုံ၊ အောက်တိုဘာ   ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို‌ အောက်တိုဘာလ (၁) ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်း၀င်းက သင်တန်းသားများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့‌တွေ့ဆုံရာတွင် ရဲမှူးကြီးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက် နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကြီးကို နိုင်ငံ တစ်ဝန်းလုံးတစ်ပြိုင်တည်း ကျင်းပပြုလုပ်မည်ဖြစ်ရာ  ရွေးကောက်ပွဲ လုံခြုံ‌ရေးတာ၀န်များ ထမ်းဆောင်ရမည်ဖြစ်သောကြောင့် တာ၀န်၀တ္တရားများစနစ်တကျထမ်းဆောင်ရန်၊ သင်တန်းကာလ အတွင်း မိမိအခက်အခဲများပွင့်ပွင့်လင်းလင်းတင်ပြနိုင်ကြောင်း၊ Covid-19 ကာလအတွင်းဖွင့်လှစ်သော သင်တန်းဖြစ်သောကြောင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြရန်ပြောကြားပြီး သင်တန်းဆိုင်ရာများနှင့် ပတ်သက်သည့်လိုအပ်ချက်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပိုင်ကျုံမြို့အတွင်းရှိ အထူးရဲတာဝန်ဆောင်ရွက်မည့် သင်တန်းသား(၅၇)ဦး တက် ရောက်ခဲ့ပြီး သင်တန်းကြီးကြပ်သူအဖြစ် ပိုင်ကျုံနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးဘတိုးနှင့် အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)