ကော့သောင်းမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကော့သောင်း မေ ၂၉

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထား နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတု ကောင်းမွန်မျှတ၍ အပူဒဏ် ကာကွယ်ရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယနေ့နံနက် ၈နာရီက ကော့သောင်းမြို့  ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်ဂေါက်ကလပ်ကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဗျူဟာမှူး စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ    သစ်တောဦးစီးဌာန ဝန်ထမ်းများ၊  NGO အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ရပ်/ကျေးပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

အစီအစဉ်အရ   အခမ်းအနား စတင်ကြေညာပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ခရိုင်/မြို့နယ် ပညာရေးမှူးများအားလည်းကောင်း၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းအားလည်းကောင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကိုယ်စားလှယ်များ အားလည်းကောင်း ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊ NGO အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများက သတ်မှတ်ထားသည့် နေရာများတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့မှ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ (၂၂၀)ပင်၊ ပျဉ်းကတိုး(၂၂၀)ပင်၊မန်ဂျန်ရှား (၁၁၀)ပင်၊ စုစုပေါင်း သစ်မျိုး(၃)မျိုး သစ်ပင်ပေါင်း (၅၅၀) ပင်တို့အား ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်ဂေါက်ကလပ်ကွင်းဝန်းကျင် စိမ်းလန်းစိုပြေရေး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)