ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်စေရန်နှင့် လယ်ယာမြေများအတွင်း ရေဝပ်မှုအန္တရာယ်ကင်းဝေးစေရန် ရေဆိုးထုတ်မြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ မေ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့် နီးစပ်လျက်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှု အန္တရာယ်ကင်းဝေး စေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ် အုတ်ရေမြောင်းမှ ထွက်ရှိသော ရေများကို မုန်းချောင်းအတွင်းသို့ စနစ်တကျ စီးဆင်းနိုင်ရေးအတွက် စက်ယန္တရား တစ်စီးဖြင့် ရေဆိုးထုတ်မြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေသားရေဆိုးထုတ်မြောင်းမှာ အရှည်ပေ ၁၅၀၀ ခန့်ရှိပြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့်နီးစပ်လျက်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှု အန္တရာယ်ကင်းဝေး စေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ထို့နောက် ရေဆိုးထုတ်မြောင်းသည် မြို့တွင်းရှိ ရေများအားလုံး စီးဆင်းသည့် အဓိက မြောင်းတစ်ခုဖြစ်ကာ မုန်းချောင်းအတွင်းသို့ စနစ်တကျ စီးဝင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရေစီးဆင်းမှုအားနေသော နေရာအား (3'×6'×13'.5") အရွယ်အစား Box Culvert ပြုလုပ်ခြင်းနှင့် စက်ယန္တရားဖြင့် ရေဆိုးထုတ်မြောင်းအတွင်းရှိ ဒိုက်ဖက်များနှင့် ရွှံ့နွံသဲနုန်းများ ဆယ်ယူတူးဖော်ခြင်း လုပ်ငန်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

“ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေးအတွက် ခွင့်ပြုငွေရရှိမှုအပေါ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ မြို့တွင်းကတ္တရာထပ်ပိုးလွှာခင်းလုပ်ငန်း၊ ရပ်ကွက်လမ်းများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းစတဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလဲ မိုးရာသီမှာ တစ်မြို့လုံးက စီးဝင်တဲ့ ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိတဲ့ ရေဆိုးထုတ်မြောင်းက ထွက်ရှိတဲ့ ရေတွေကို မုန်းချောင်းအတွင်း စနစ်တကျ စီးဝင်နိုင်ရေးအတွက် ရေဆိုးထုတ်မြောင်းရှိ ရွှံ့နွံသဲနုန်းများ ဆယ်ယူခြင်း၊ အမှိုက်သရိုက်နှင့် ဒိုက်ဖက်များ ဆယ်ယူရှင်းလင်းခြင်း၊ ရေစီးဆင်းမှု အားနည်းတဲ့နေရာကို ရေစီးဆင်းမှု ကောင်းမွန်အောင် (3'×6'×13'.5") အရွယ်အစား   Box Culvert ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  ယခုလို ရေစီးဆင်းမှု ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီကာလမှာ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များနဲ့ မြို့နဲ့နီးစပ်တဲ့ မင်းတဲကုန်းကျေးရွာ၊ လက်ခုပ်ကျေးရွာမှာ ရှိတဲ့ ဒေသခံတောင်သူများရဲ့ လယ်ယာမြေသီးနှံစိုက်ခင်းတွေကို ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )