အိမ်မဲမြို့နယ်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

အိမ်မဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်(၂၉) ကျောင်းတိုက်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည်။

အခမ်းအနားကို တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ မိုးကုတ် (၂၉) ဆရာတော်ဘုရားထံမှ တက်ရောက်လာသူများက ငါးပါးသီလ ခံယူဆောက်တည့်ကြပြီး သံဃာတော်အရှင်မြတ်များမှ မေတ္တာသုတ်ပရိတ် တရားများ ရွတ်ပွားချီးမြှင့်ခဲ့သည်။

ထို့နောက် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးမှ သာသနာရေးဆိုင်ရာများ၊ မြို့နယ်ပရိယတ္တိသာသနာတော် ထောက်ပံ့လှူဒါန်းရေး စေတနာရှင်များအဖွဲ့၏ အကျိုးတော်ဆောင် ဒေါ်စန်းမြင့်မှ ပရိယတ္ထိသာသနာတော်ဆိုင်ရာ အထောက်အကူ ပြုလုပ်ငန်းများကို လျှောက်ထားပေးခဲ့ကြသည်။

ဆက်လက်ပြီး အစိုးရပါဠိပထမပြန် စာအောင်သံဃာ ပထမကြီးတန်း၊ ပထမလတ်တန်း၊ မူလတန်း အောင်မြင်သော စုစုပေါင်း သံဃာ (၁၅)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မဟာကမ္မဌာနာစရိယ မိုးကုတ် (၂၉) ဆရာတော်ဘုရားကြီးမှ လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရား ဟောကြား ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)