စစ်ကိုင်း မေ ၂၉
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်း (အခမဲ့) ဆင်းပွဲ ကို မေ(၂၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကမ္ဘာသုံးအင်္ဂလိပ် ဘာသာရပ်ကို အခြေခံမှစ၍ စနစ်တစ်ကျ ပြောတတ်ဆိုတတ်၊ ရေးသားတက်စေရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်ပြီး ပိုမိုချစ်ခင် ရင်းနှီးမှုရရှိကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ စိတ်ဝင်စားမှုအတွက် စာတွေ့/လက်တွေ့ လေ့လာစမ်းသပ်ချက် ဖြေဆိုကြည့်ရာ ဆုရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီ(၂၂)ရက်နေ့မှစ၍ အပတ်စဉ် (စနေ၊ တနင်္ဂနွေ) နေ့များတွင် နံနက်(၈)နာရီမှ (၉)နာရီခွဲအထိ စေတနာပညာရှင် ဆရာများက သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြ ကြောင်း သိရသည်။
ဇော်မြင့်နိုင်