ဓနုဖြူ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို အ.ထ.က(၂) ဓနုဖြူမှ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းအပ်နှံရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံတော်မှ ထောက်ပံ့သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ များကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှဌေးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)