ကန့်ဘလူ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မေ ၂၈ ရက် မွန်းလွဲပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန ပူးပေါင်းအဖွဲ့များသည် အထက(ခွဲ) ညောင်အိုင်နှင့် အလက (၁)ကျောင်းတို့တွင် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေး သုံးစွဲ လျက်ရှိသည့် မီးပလပ်ခုံများ၊ မီးခလုတ်များ၊ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှုရှိမရှိ စစ်ဆေးခြင်း၊ အုတ်ရေကန်များတွင် ရေဖြည့်တင်းထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်သုံးစွဲမှု အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု၊ မီးဘေးလုံခြုံရေးဆိုင်ရာများအား စစ်ဆေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင်လည်း ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)