ကျွန်းလှ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးရန် လယ်ယာမြေ ထွန်ယက်ပြုပြင်ခြင်း ဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ကျေးရွာမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါတယ်။ မိုးရာသီမှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးကြပါတယ်။ မိုးစပါးပျိုးထောင်ရန်နဲ့ အခြားသီးနှံ များ စိုက်ပျိုးရန် ထွန်ယက်ခြင်းလုပ်ငန်းဆောင်ရွက်နေကြပါတယ်။ တချိ့တောင်သူတွေကတော့ ဆီထွက်သီးနှံဖြစ်တဲ့ မိုးမြေပဲစတင်စိုက်ပျိုးနေကြပါတယ်” ဟု ရှမ်းစုကျေးရွာတောင်သူ ဦးနိုင်က ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်သည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုကိပျိုးရေး နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခြင်း၊ စိုက်နည်းစနစ် လက်တွေ့ပြသခြင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် ပိုးမွှားရောဂါ နှိမ်နင်းနည်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ၇၂၇၀ ဧက၊ ကြံ ၇၄ ဧက၊ ဝါ ၆ ဧက၊ အခြားသီးနှံ ၁၆၉၀၀ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၆၈၀၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုကိပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ