ကသာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုအထိမ်းအမှတ် ပိုစတာပြိုင်ပွဲ ပြုလုပ်

ကသာ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် ပိုစတာပြိုင်ပွဲကို ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်း ဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပိုစတာပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဟိန်းကိုဦးက ပြောကြားခဲ့သည်။ ပိုစတာပြိုင်ပွဲကျင်းပပြုလုပ်ရာသို့ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုပြိုင်ပွဲဝင်ပိုစတာများကို ပိုစတာပညာရှင်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စစ်ဆေး၍ ဆုရရှိသူများကို ဇွန် ၅ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ် ကြောင်းနှင့် ကသာမြို့ အ.ထ.က ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)