ဘားအံ မေ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ဘွဲ့ယူမောင်မယ်များအနေဖြင့် မိမိတို့တတ်မြောက်သည့်ပညာဖြင့် မိမိဘဝကိုအောင်မြင်အောင် တည်ဆောက်ကြရမည်ဖြစ်သည့်အတွက် မိမိကိုယ်တိုင် မိမိပတ်ဝန်းကျင်၏လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူ့အသိုင်းအဝန်းကို အထောက်အကူပြုနိုင်အောင် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့ရွေးချယ်ခဲ့သည့် IT ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲတိုးတက်နေသောနည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း IT ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ဘွဲ့ယူမောင်မယ်များအတွက် ငွေကျပ် သုံးသိန်းရှစ်သောင်းကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်းအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့အပ်နှင်းမည့်စင်မြင့်ထက်တွင်နေရာယူကြပြီး လိုအပ်သည့် ကတိခံဝန်ချက်များရယူကာ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ပါမောက္ခချုပ်က ကွန်ပျူ တာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) (၁၇)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) ( ၂ )ဦး တို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေး အပ်ပြီး အဝေးရောက်ဘွဲယူသူ ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.)မှ ( ၄ ) ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) ( ၃ )ဦး တို့ အား ဘွဲ့အပ်နှင်းပေးအပ်ကာ ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ် ရေးထိုး၍ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
ယနေ့ဘွဲနှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ(၇)ဦးအပါအဝင် စုစုပေါင်း(၂၆)ဦးအား သက်ဆိုင်ရာဘွဲ့အသီးသီးကို အပ်နှင်းခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့ယူပြီးသူ မောင်မယ်များနှင့်၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)