ပွင့်ဖြူမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ   မေ    ၂၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့် အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဒုတိယအကြိမ် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့ သည်။

အဆိုပါ ဗုဒ္ဓဘယသာယဉ်ကျေးလိမ္မာသင်တန်းသို့  မြို့နယ်အတွင်းရှိ‌ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စောစောထား၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ ဆရာများက ‌ ပြည်သူများ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ပျူငှာယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ပြုမူပြောဆို ကျင့်ကြံနေထိုင်တတ်စေရန်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ သိရှိစေရန်နှင့် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ဗုဒ္ဓဝင်အကျဉ်းမှတ်စု၊ ရတနာ သုံးပါးဂုဏ်ကျေးဇူးနှင့် ကံကံ၏ အကျိုး၊ ဘုရားရှိခိုးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဒုစရိုက်/ သုစရိုက်နှင့် ပုညကြိယာဝတ္ထု၊ မင်္ဂလသုတ်နှင့် ဘာသာစာရိတ္တ၊ ယဉ်ကျေးမှု စသည့် ဗုဒ္ဓစာပေများကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မေ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)