မင်းလှမြို့တွင် (၃၇) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မင်းလှ မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (၃၇) ကြိမ်မြောက်စူဠဘွဲနှင်းသဘင်အခမ်းအနားကို အမှတ်(၆) ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ မေ ၂၈ ရက်နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးဓမ္မပီယက ဩဝါဒဆုံးမစကားများ မိန့်ကြားတော်မူခဲ့၍  ‌ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းနိုင်က သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျောက်ထား တင်ပြသည်။

ထို့နောက် စာမေးပွဲတွင်အောင်မြင်ခဲ့သည့် ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း(၂)ပါး၊ အခြေပြုမူလတန်း(၅)ပါးတို့အား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်

ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)