ထီးချိုင့် မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အမှတ် (၁) စံပြရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးမိုးမြင့် ဇော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ တက်ရောက်ကြပြီး၊ သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်စေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန်ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရာတွင် ကျွန်း (၁၀၀) ပင်၊ပျဉ်းကတိုး(၅၀)၊ ကံကော်(၂၀)၊ ပိတောက်(၂၀)ပင်၊ ခရေ(၂၀)ပင်၊ မယ်ဇလီ(၄၀)ပင်၊ ဝါးပိုးဝါး(၁၅၀)၊ မျှင်ဝါး(၁၅၀)တို့အား စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)