ဖရူဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြင့်သင်တန်း ဖွင့်လှစ်

ဖရူဆို  အောက်တိုဘာ  ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန် စွမ်းရည်မြင့်သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က  ဖရူဆိုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည် ။

အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးစက်တင်ဦး၊ ဒုတိယဦးစီးမှူး ဦးအက်ဒွက်၊ ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်သဲဦးနှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်အာဗြူး တို့က ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွန်များ၊ မဲစာရင်းပြုစုခြင်း၊ ကြိုတင် မဲပေးခြင်း၊ ဆန္ဒမဲလက်မှတ် ထုတ်ပေးခြင်းနှင့် မဲရုံကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ မဲရုံပုံစံ၊ ပယ်မဲ၊ ခိုင်လုံမဲနှင့် ရပ်ကွက်/ကျေးရွာတွင် အသုံးပြုရမည့် ပုံစံများ ၊ မဲရုံတည်ဆောက်ခြင်း စသည့် ခေါင်းစဉ်များ ဖြင့် ဆွေးနွေးပို့ချပြီး တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းသွားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့်သင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု (၁၀) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲ (၃၀) ဦးနှုန်းဖြင့် (၂) ရက်ခွဲပြီး ကိုဗစ်-၁၉ ကာလတွင် သတ်မှတ် စည်းကမ်း ချက်များ နှင့်အညီ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။  

ဖရူဆိုမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄) အုပ်စုတို့တွင်  မဲရုံ ပေါင်း (၃၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ( ၂၀၀၇၅) ဦးရှိကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)