ဖြူး မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၇)ဖာလုံ အနောက်ဘက် ငမြွေဆည်အနီး ကြိုးပြင်ကာကွယ်တောအတွင်း ဖြူးကွန်း(၁)တွင် ယနေ့နံနက်(၈)နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင် ပျိုးပင် ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေတို့ကလက်ခံရယူခဲ့ပြီး ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ တက်ရောက် စိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပွဲတွင် မန်ဂျန်ရှားပျိုးပင်ပေါက်(၅၀)ပင်၊ ကျွန်းပျိုးပင်ပေါက်(၂၀၀)ပင်၊ ပိတောက် ပျိုးပင် ပေါက်(၅၀)ပင်၊ ယမနေပျိုးပင်ပေါက်(၅၀)ပင်၊ ပျဉ်းကတိုးပျိုးပင်ပေါက်(၅၀)ပင် စုစုပေါင်းပျိုးပင်ပေါက် (၄၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)