ပွင့်ဖြူ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ စုစုပေါင်း အင်အား (၁၀၉)ဦးခန့် တက်ရောက်ကြပြီး ခရေပျိုးပင် ၁၀၀ ၊ တမာပျိုးပင် ၁၀၀ ၊ ပိတောက်ပျိုးပင် ၄၅ ပင် ၊ ကံ့ကော်ပျိုးပင် ၄၅ ပင် ၊ စုစုပေါင်း အရိပ်ရပျိုးပင် ၂၉၀ အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ယခု အကောင်အထည်ဖော် စိုက်ပျိုးသည့် အရိပ်ရပင်များကို ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုစုထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ် ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဌာနဆိုင်ရာများစုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )