ဘားအံ မေ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်ခန့်က မူးကဝါကျေးရွာ၊ ရွှေကြာရံတောရ ကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးအတွက်ထုတ်ချေးပေးနေမှုများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းတင်က ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/ သူများ ကျောင်းသို့ ရောက်ရှိရေးနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်မှူးရုံးမှ နယ်မြေအေးချမ်းသာယာရေးနှင့် ပြည်သူ့လုံခြုံရေးဆောင်ရွက်ပေး နေမှုများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေယာပိုင်ဆိုင်မှုအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံအထွက်တိုးရေးနှင့် သစ်စိမ်းမြေဩဇာထုတ်နိုင်မည့် နည်းလမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ နည်းလမ်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးဖြတ်သူများနှင့် လူကုန်ကူးခံရသူများအား လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့နိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရှင်းလင်းပြောကြားခဲ့ကြရာ ဒေသခံပြည်သူများက ကွန်ကရစ်လမ်းလိုအပ်ချက်များ၊ ကျေးရွာတွင်း ရေပေးဝေနိုင်ရေး ရေပိုက်သွယ်တန်းရန် လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)