ဟားခါး မေ ၂၈
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာ့သစ်တော သယံဇာတအခြေအနေ စမ်းစစ်လေ့လာချက် (FRA) အရ ချင်းပြည်နယ်၏ သစ်တော်ဖုံးလွှမ်းမှုမှာ ၂၀၁၀ ပြည့်နှစ်တွင် ၅၉ ဒဿမ ၅၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၆၁ ဒဿမ ၉၇ ရာခိုင်နှုန်း အထိ တိုးမြှင့်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၅၆ ဒဿမ ၇၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းကို သိရှိရကြောင်း၊ ယခုကဲ့သို့ သစ်တောဖုံးလွှမ်းမှုကျဆင်းရသည့် အကြောင်းရင်းများမှာ ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်ခြင်း၊ တောမီးရှို့ခြင်း၊ သဘာဝတောမီးလောင်ကျွမ်းခြင်း၊ တရားမဝင်သစ်၊ ထင်းနှင့် မီးသွေး အလွန်အကျွံထုတ်လုပ်ခြင်း၊ မြို့မြေ၊ ရွာမြေတိုးချဲ့ခြင်းနှင့် ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောများ ပြုန်းတီးလာပြီး သစ်တောဖုံးလွှမ်းမှုကျဆင်းလာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန်လာကာ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်းနှင့် လေထုညစ်ညမ်းခြင်း စသည့် သဘာဝဘေး အန္တရာယ်များနှင့် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ရာသီဥတုပြန်လည်ကောင်းမွန်လာ၍ သဘာဝဘေး အန္တရာယ်တို့မှ ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုစိုက်ပျိုးလိုက်သည့် သစ်တောသစ်ပင်များကို “ ရှင်အောင် စိုက်ပျိုး ၊ ကြီးအောင် ပြုစု ၊ မြဲအောင် ထိန်းသိမ်း ” ဆိုသည့်အတိုင်း သစ်တောသစ်ပင်များ ထာဝစဉ် ရှင်သန်တည်မြဲစေရန်နှင့် သစ်တော သစ်ပင်များ၏ အကျိုးကျေးဇူးကို သားစဉ်မြေးဆက် ခံစားနိုင်စေရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်စိုက်ပျိုး ပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်များ စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုသည်။
၂၀၂၃ ခုနှစ် ၊ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ချင်းပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်မျိုးစုံ (၉၆၀၀၀)ပင် ပျိုးထောင်ထားရှိပြီး ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာနများအလိုက် ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် သစ်ပင် စိုက်ပျိုးပွဲတွင် ချယ်ရီပင် (၄၀၀) ပင်၊ ခါတော်မှီ (၇၀) ပင် ၊ ရေသင်းဝင် (၁၅၀) ပင် ၊ စိန်ပန်းပြာ (၇၀) ပင် ၊ ရှားနက် (၆၀) ပင် ၊ တောင်ဇလပ် (၁၀၀) ပင် ၊ မိုင်းဘော (၈၀) ပင်နှင့် သရက္ခံ (၇၀) ပင် ၊ စုစုပေါင်း (၁၀၀၀၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက် )