မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်

မကွေး  မေ  ၂၈

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့် အလမ်းများတိုးတက်လာစေရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေး၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် လာနိုင်စေရေးနှင့် လူနေမှုဘဝများ တိုးတက်လာစေရေးအတွက် ဒေသ၏ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာ စေရေးတို့ကို ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံ လိုသောလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါအခွင့်အလမ်းများ ရရှိနိုင်ရေးနှင့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အောင်မြင်ဖြစ်ထွန်းအောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးနှင့် ကုမ္ပဏီများ၏ မြေပြင်တွင် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် အညီ လိုက်နာမှု အခြေအနေ၊ ကုမ္ပဏီမှတ်ပုံတင် ခြင်းဆိုင်ရာ စာရင်းများစနစ်တကျ ထားရှိမှုများကို ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းနှင့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ လှူဒါန်းသည့် အလှူငွေများ လက်ခံခြင်းကို ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မောင်ညီညာ