ပြည် မေ ၂၈
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၏ ၂၀၂၃- ၂၀၂၄ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပြည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်နိုင်ထွန်း၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူး ဦးတင်ယုတို့က " တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့" မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ယင်းနောက် အခမ်းအနားကို အဆိုပါကျောင်း သိရီရတနာခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က(၁) ပြည်မှ Grade-9 ကျောင်းသား၊ ကျောင်းသူလေးများ၏ "အနာဂတ် လူရည်မွန်" တေးသီချင်းဖျော်ဖြေမှုဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ကာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီးရုံးခွဲပညာရေးမှူးဦးတင်ယုက ကျောင်းအပ်နှံရေးနေ့ဆိုင်ရာလုပ်ငန်းများနှင့် အခြေခံပညာရေး၏ ရည်မှန်းချက်များအကြောင်းကိုရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးအပ်သောကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့်စာရေးကိရိယာများကို တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်အလိုက် ပညာရေးဌာနတာဝန်ရှိသူများထံပေးအပ်ကြပြီး ပြည်မြို့ရှိ Nyan Zin Phyo Co.Ltd & Soft Guide Computer Center (1)Pyayမှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)အတွင်းရှိ ကျောင်းပြင်ပ မူလတန်းပညာရေးစခန်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံများ လှူဒါန်းပေးအပ်ကာ တက်ရောက်လာသော တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘ၊ ဆရာ/ဆရာမများအား အထက(၁)ပြည်မှ ကျောင်းသား၊ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)