ခန္တီးမြို့တွင် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားပွဲပြုလုပ်

ခန္တီး မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပေါမိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ (၅)ပါးသီလဆောက်တည်ကာ ပရိတ်တရားတော်များနာယူခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၌ ဂုဏ်ထူး (၃၁) ဦး ရိုးရိုးအောင် (၂၄)ဦး စုစုပေါင်း (၅၅)ဦးတို့အား အောင်လက်မှတ်များနှင့် ဆုချီးမြှင့် ငွေများပေးအပ် ကာ ရေစက် သွန်းချအမျှပေးဝေပြီး  အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)