ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု  ကြည့်ရှုအားပေး

လွိုင်ကော် မေ ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းနှင့် စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း၊ အ.ထ.က (ချိကယ်)၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်း အတွင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ ၊ ကျောင်းအဆောက်အဦသစ်များ ဆောက်လုပ် ပြီးစီးမှုနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြသည်။

အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့နယ်များတွင်လည်း ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းများတွင်မြက်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်း၍ မီးရှို့ခြင်း၊ ကျောင်းဖွင့်ရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခြင်နှင့် ပိုးလောက်လန်းများ မပေါက်ပွားစေရေးအတွက် ကျောင်းဝင်းအတွင်းရှိ ရေကန်၊ ရေစည်များ အတွင်း အဘိတ်ဆေးခတ်ခြင်းတို့ဖြင့်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)