ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပ

ဟင်္သာတ မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရ်ိုင်၊ ဟင်္သာတမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စု၊ အရှေ့တံခွန်တိုင်ကျေးရွာရှိ ဟင်္သာ တ ဂေါက်ကလပ်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်က သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိ​သော မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး MRRPလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဇနီး ဒေါ်ခတ္တာထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ စိုက်ပျိုးမည့်ပျိုးပင်များအား တက်ရောက်လာသူများထံသို့ ပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဧည့်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ သတ်မှတ်နေရာအသီးသီးတွင်နေရာယူ၍ သစ်ပင်များစိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သစ်ပင်များ တစ်ပျော်တစ်ပါးစိုက်ပျိုးနေမှုတို့ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ဟင်္သာတခရိုင် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ယနေ့တွင် မိုးရာသီအကြို သစ်ပင် စိုက်ပွဲတော်တွင် မဟော်ဂနီ(၂၂၈)ပင်၊ ပျဉ်းကတိုး (၁၅၆)ပင်၊ ပန်းချယ်ရီ(၁၀)ပင်၊ စိန်ပန်း(၁၁၀) ပင်၊ ရေတမာ (၆၅) ပင်၊ ကျွန်း(၅)ပင်၊ ခရေ(၆၀)ပင်၊ သပြေ ဘူတ(၆၅)ပင်၊ ကံ့ကော်(၃၆)ပင်၊ ယူကလစ်(၂၃၈)ပင်၊ မန်ဂျန်ရှား(၂၂၇)ပင်၊ စုစုပေါင်း(၁၂၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)