တောင်တွင်းကြီးမြို့နယ်တွင်‌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

တောင်တွင်းကြီး မေ ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရေဦးအုပ်စု၊ ကျွဲဖြူကန်ကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်ကြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂)ဦးလှသောင်းက သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သော အခြေခံစက်ချုပ်နည်းပညာများကို လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ခဲ့‌သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရေဦးကျေးရွာ၊ ကြီးအောင်းကျေးရွာ၊ ကျွဲဖြူကန်ကျေးရွာတို့မှ သင်တန်းသူ (၃၀) ဦးတက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းတွင် အခြေခံအပ်ချုပ်စက်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာ အမျိုးမျိုးကို ကျွမ်းကျင်ဆရာမ (၂) ဦးက စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်ထံမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)