မကွေး မေ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများ၏ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဇနီး ဒေါ်ခင်လေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာ သင်တန်းကို မိမိတို့ဌာနရှိ ဝန်ထမ်းများ၏ သား/သမီးများအား ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် သိထိုက် သည့် ဗုဒ္ဓဝင်အကြောင်းအရာများ၊ ဘာသာရေးဆိုင်ရာအယူဝါဒများ၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံတမ်းများကို သိရှိကာ လိုက်နာကျင့်ကြံ စေလိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ကလေးကောင်းမှ လူကြီးကောင်းမည် ဆိုသည့် ဆောင် ပုဒ်အတိုင်း ကလေးငယ်များသည် ငယ်စဉ် ကလေးဘဝကတည်းက ယဉ်ကျေးလိမ္မာသူတွေဖြစ်ရန်လိုအပ်ပါကြောင်းနှင့် သင်တန်းတွင် ယဉ်ကျေးလိမ္မာသော သားငယ်/သမီးငယ်များဖြစ်စေရန် လိုက်နာဖွယ်ရာများ၊ သိမှတ်ဖွယ်ရာများနှင့် မှတ်သားဖွယ်ရာများကို စနစ်တကျ မှတ်သားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို (၂၇.၅.၂၀၂၃)ရက်နေ့မှ (၂၉.၅.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၁၃)ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရ သည်။
ကိုစည်သူ(မကွေး)