မကွေး မေ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ စာရင်းအင်းအရည်အသွေးပြည့်ဝရေးနှင့်တိကျမှန်ကန်ရေးဆိုင်ရာ ဆင့်ပွား အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဆိုင်ရာစာရင်းနှင့် အစီရင်ခံစာများကို ပြုစုထုတ်ပြန်လျက်ရှိရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များရရှိစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများသည် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသည့်နည်းတူ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား သင်တန်းများ ပို့ချခြင်းဖြင့် တိကျမှန်ကန်သော မြေပြင်စာရင်းများအား ရရှိလာမည်ဖြစ်ပါကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် သင်ခန်းစာများအား စိတ်ဝင်တစား လိုက်နာသင်ယူပြီး မိမိတို့ခရိုင်/ မြို့နယ်အသီးသီးရှိ ဝန်ထမ်းများအား ဆက်လက်ပို့ချ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ စာရင်းအင်းအရည်အသွေးပြည့်ဝရေးနှင့်တိကျမှန်ကန်ရေးဆိုင်ရာ ဆင့်ပွားအလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်း(၅၀)ဦးဖြင့် (၂၇.၅.၂၀၂၃)ရက်နေ့မှ (၂၈.၅.၂၀၂၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ရာသီဥတုနှင့်ကောက်ပဲသီးနှံနှစ်ချုပ်စာရင်းများ၊ အစီရင်ခံစာများ၊ တောင်သူ လယ်သမားအိမ်ထောင်ဦးစီး ဦးရေနှင့်လုပ်ကွက်ဧရိယာစာရင်းများ၊ မြေစာရင်းအုပ်ချုပ်မှု နှစ်ချုပ်စာရင်းနှင့် အစီရင်ခံစာများ ပြုစုနိုင်ရေး ရုံးချုပ်၏ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ (ပြန်/ ဆက်)