လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လှိုင်းဘွဲ မေ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ် နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ပညာရေးသည် တိုင်းပြည်၏ အနာဂတ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာတတ်မြောက်ရေးသည် အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက မြို့နယ်အတွင်း အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ ကျောင်းသားများ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပရိဘောဂများ လုံလုံလောက်လောက်ရရှိရေး၊ ရေရှိရေး၊ သောက်သုံးရေ လုံလောက်မှု ရရှိစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း ညှိနှိုင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသားတစ်ဦးလျှင် အခမဲ့ ပေးအပ်ရမည့် ကျောင်းသုံးပစ္စည်း ကိရိယာများအား ကျောင်းအပ်နှံရာတွင် တစ်ပါတည်းပေးဝေနိုင်စေရေးနှင့် လှိုင်းဘွဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများ လျာထားဖွင့်လှစ်မည့် ကျောင်းများအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူတို့က ကျောင်းသုံးပစ္စည်း ကိရိယာများအား ကျောင်းသား၊  ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ ဆရာမ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၌ လှိုင်းဘွဲမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ  အခြေခံပညာသင်ကျောင်း စုစုပေါင်း  (၃၁၃) ကျောင်းကိုဖွင့်လှစ်၍  ကျောင်းသား၊ ကျောင်းသူများအား     ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စောဒိ(ပြန်/ ဆက်)