တောင်ငူ မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကေတုမတီမြို့သစ်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့် ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဝင်းသူတို့က ပျိုးပင်များကို ဌာနဆိုင်ရာများထံ ပေးအပ်ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၃၀၀)ဦးခန့်တို့က ပျိုးပင်များအား စိုက်ပျိုးကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ စိန်ပန်းကြီး၊ ခရေ၊ မန်ဂျန်ရှား၊ ယင်းမာ၊ ကုက္ကိုလ်၊ သစ်ပိတောက်၊ ဗန်ဒါ၊ ရေတမာ၊ စုစုပေါင်းပျိုးပင် (၅၀၀) စိုက်ပျိုးခဲ့ကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ ဆက်)