ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး

ဗန်းမောက် အောက်တိုဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း၊ တံတား တည်ဆောက် ခြင်း လုပ်ငန်းများ (၁၀၀)ရာခိုင် နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများမှာ ဗန်းမောက်-ညောင်ခြေထောက်-ဥမှင်-ပန်းတော-ပါသက်-သရက်ကုန်း -ဘူးတောင်း လမ်းပေါ်ရှိ လမ်းအရှည် (၃/၄)မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ မှ (၄၃၆ ဒသမ ၆၄၆)သန်းဖြင့်လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ နန့်ပါးချောင်းကူးတံတား အရှည် (၂၇)ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ နဘားချောင်းကူးတံတား အရှည် (၂၈)ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ် တံတားတစ်စင်း၊ ဥမှင်ကျေးရွာအဝင် ချောင်းကူးတံတား အရှည် (၂၉)‌ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် ပါသက်ရွာအဝင်ချောင်းကူး တံတားအရှည်(၁၂)ပေ၊ အကျယ် (၁၄)ပေသံကူကွန်ကရစ် တံတားတစ်စင်း စုစုပေါင်းတံတား (၄)စင်း တို့မှာ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေမှ စုစုပေါင်း (၁၇၅ ဒသမ ၄၈၈) သန်း ဖြင့်လည်းကောင်း၊ BoX Culvert (၃)စင်း (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေမှ စုစုပေါင်း (၁၃ ဒသမ ၆၉၅)သန်းဖြင့်လည်းကောင်း (၂၉-၁၁-၂၀၁၉) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင် (၁၀၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ကချင်ပြည်နယ်၊ မော်ဟန်-မော်လူး-ဗန်းမောက်လမ်းသို့ ဆက်သွယ်သည့် မဲဇာချောင်းကူးတံတားအရှည်(၁၅၀)ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ဗန်းမောက်-မံထုံလမ်းပိုင်းပေါ်ရှိ လေးသီကျေးရွာအဝင် ခေါ်ပုတ်ချောင်းကူး ဘေလီတံတားအရှည် (၁၅၀)ပေ တံတား တစ်စင်းအား (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း ထံမှ သိရသည်။

ဗန်းမောက်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် လမ်း၊ တံတား လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သောကြောင့် ကျေးရွာအုပ်စု (၇)အုပ်စုမှ ကျေးရွာ (၂၆) ရွာအတွင်းရှိ ကျေးလက်နေပြည်သူအများ သွားလာဆက်သွယ်မှုများ အဆင်ပြေစေရေးနှင့် ဒေသအတွင်း ကုန်ထုတ်လုပ်ငန်း များအတွက်လည်း များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရ သည်။

ကျော်စွာ(ဗန်းမောက်)