စစ်ကိုင်း မေ ၂၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် သတ္တမအကြိမ်ဘွဲ့နှင်းသဘင်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ဒီတက္ကသိုလ်ကြီးကနေ ဘွဲ့ရလူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးအတွက် ပြင်ပပညာရှင်များ၊ စီးပွားရေးပညာရှင်များဖိတ်ကြားပြီး အတွေ့အကြုံများရှင်းလင်းမျှဝေစေခြင်း၊ အရည်အသွေးပြည့်ဝစေရန် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး သင်တန်းများဖွင့်လှစ်ကာ အခွင့်အရေးများစွာဖန်တီးပေးခြင်း၊ လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ပေးခဲ့တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်တဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဘွဲ့ရကျောင်းသား/ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက် မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဘွဲ့လက်မှတ်ပေးအပ်ရာတွင် ပညာသင်နှစ်(၃)နှစ်စာ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် မဟာဘွဲ့(၁၁)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့(၈၂)ဦး၊ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် မဟာဘွဲ့(၈)ဦးနှင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် စီးပွားရေးသိပ္ပံဘွဲ့(၇၅)ဦး၊ Dip HRM ဒီပလိုမာတန်း (၂၇)ဦး၊ စုစုပေါင်း(၂၀၄)ဦးအနက် တက်ရောက်ဘွဲ့ယူသူ (၁၅၄)ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ(၅၄)ဦးတို့ ကို သက်ဆိုင်ရာဘွဲ့လက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်