ကသာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကသာ မေ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ ကသာမြို့တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်/မြိုနယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေး များက “ကျောင်းအပ်နှံရေးသီတင်းပတ်” သီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကား ပြောကြားရာတွင် ဆရာ/ဆရာမများအနေဖြင့် လူငယ်လူရွယ်များအကြား “မျိုးချစ်စိတ်ဓါတ်၊ တိုင်းပြည်ကို ချစ်သည့်စိတ်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးအတွက် လေ့ကျင့်သင်ကြား ဆွေးနွေးခြင်းများကို ဆောင်ရွက် ပေးရန်နှင့် လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာစေသည့် လောကနီတိ၊ ကျင့်ဝတ်သိက္ခာတို့နှင့် စပ်လျဉ်း၍ နားလည်အောင် ပြောဆို၊ ဆွေးနွေး၊ ပြသနိုင်ရေး တို့ကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ကသာခရိုင်/ မြို့နယ်ပညာရေးမှူးများ ဦးဆောင်သည့် ပညာရေးဌာနမှ အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းများ အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများအားလုံး မိမိဒေသအကျိုးကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့က အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ ဟူသော ပညာရေးဆောင်ပုဒ်နှင့်အညီ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမှုများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခမဲ့ကျောင်း အပ်နှံရမည်ဖြစ်ပြီး ပုံနှိပ် စာအုပ်၊ စာရေး ကိရိယာများကိုပါ အခမဲ့ထောက်ပံ့ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ ရောက်ရှိမှုနှင့် မြို့နယ်များသို့ ဆက်လက်ဖြန့်ဝေပေးနေမှု အခြေအနေများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/ ကျောင်းသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက “ပန်းတိုင်းပွင့်မည် ဤဌာနီ” သီချင်းဖြင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပိတ်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)