ဖျာပုံမြို့ အ.ထ.က-၃ ကျောင်းတွင် ကျောင်းဖွင့်ရာသီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဖျာပုံမေ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနေဖြင့် ကျောင်းအပ် စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဖျာပုံမြို့ အ.ထ.က-၃ ကျောင်းတွင် ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့ရှိ မြက်များ၊ခြုံနွယ်များနှင့် ခြင်းပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ယနေ့နံနက်(၇)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့မှ ဖျာပုံမြို့ အ.ထ.က( ၃) ကျောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကျောင်းဝန်းအတွင်း/အပြင်မှ အမှိုက်များ ရှင်းလင်းခြင်း၊ ခြင်၊ယင် ပေါက်ဖွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်ပင်များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းတို့ ဆောင်ရွက် ကြပြီး မီးရှို့၍ လွယ်ကူသော အမှိုက်များအား မီးရှို့ကာ ကျန်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် လိုက်လံသိမ်းဆည်းခဲ့ကြပြီး ဖျာပုံမြို့နယ်အနေဖြင့် အပတ်စဥ် စနေနေ့တိုင်း အခြေခံပညာကျောင်းများ၊ ဘုရားစေတီ၊ ပုထိုးများ၊ သောက်ရေကန်များ၊ မြို့ဝင်မြို့ထွက်နေရာများတွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)