ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်တွင် ကျေးရွာ(၆)ရွာအား လျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲကျင်းပ

ကော့ကရိတ်     အောက်တိုဘာ    ၇

ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရေကျော်ကြီး၊ နောင်နှိုင်း၊ နောင်တလာ၊ ကော့ဖောင်း၊ ဝင်းပုတ်၊ တံတားကျိုး ကျေးရွာ(၆)ရွာတို့အား ယမန်နေ့က နိုင်ငံတော်မှ ဓါတ်အား ဖြန့်ဖြူးပေးခြင်း ဖွင့်ပွဲကို အဆိုပါ ကျေးရွာ (၆)ရွာတွင် ကျင်းပခဲ့သည်။

ထိုသို့ ကျေးရွာ(၆)ရွာ မီးလင်းရေးအတွက် ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓါတ်အားလိုင်း ၁၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးစီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေ ကျပ်(၂၉၅.၃၆၃) သန်း ဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာများမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများ၊ ဖွံ့ဖြိုးတိုးတက်သည့်အကျိုးကျေးဇူးများ ရရှိနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ(၆)ရွာ မီးလင်းခြင်း ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်၊ ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းနု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာ(၆)ရွာမှ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌများမှ ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

ဇင်မာအေး (ခရိုင် -ပြန်/ဆက်)