မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အထက်မင်းလှ  မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်ကျော်ငွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး၊ သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးတို့က ပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့သည်။

မင်းလှမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်းမှာ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် ချစ်မြတ်နိုးစေရန်၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန် ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရာတွင် ကျွန်း (၁၄၀) ပင်၊ ပိတောက်(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၂၄၀) ပင်အား စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)