ပုသိမ် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ပေ ( ၁၂၀ x၃၀ ) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံ နက်ပိုင်းက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ရာ ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အလှူငွေများ ပေးအပ်ရာ မြို့နယ် ပညာရေးမှူးက လက်ခံရယူခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက် စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ပြုလုပ်သည့် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ “သင်တန်းကာလအချိန် တိုတောင်းသော်လည်း သင်တန်းသား၊ သင်တန်းသူများအား သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ပို့ချဆွေးနွေးခဲ့ပြီး ဖြစ်ပါကြာင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးရှိပြီး ပျက်စီးဆုံးရှုံးမှုများလည်း များပြားပါကြောင်း၊ သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်နေစဉ် အရေးပေါ် တုန့်ပြန်ခြင်းနှင့် သဘာဝဘေး ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး ပြန်လည်တည်ဆောက် ရေးစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပြင် ခေါင်းဆောင်မှု၊ အသင်းအဖွဲ့အလိုက် လုပ်ဆောင်တတ်မှု စသည့် သင်ခန်းစာများ ပို့ချဆွေးနွေး ပေးခဲ့ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချ ဆွေးနွေးချက်များကို အလေးထား လိုက်နာမှတ်သားပြီး မိမိရပ်ရွာဒေသအတွင်း ပြန်လည်မျှဝေခြင်းအားဖြင့် လိုက်ပါဆောင်ရွက်လာနိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း ကာကွယ်တားဆီးနိုင်ရန်အတွက် တစ်ဖက်မှလည်း ကြိုတင်ပြင်ဆင်ရမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းအား ဖွင့်လှစ်ပို့ချမှုများကြောင့် သင်တန်းသား၊ သင်တန်းသူများ၏ ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း” သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် သဘာဝ ဘေးဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြား တင်ပြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လူမှုရေးရာဝန်ကြီးကလည်းကောင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လည်စာ စားသုံးခဲ့ကြသည်။ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှုသင်တန်းအား ယခု လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ သင်တန်းပို့ချခဲ့ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ သင်တန်းသား သင်တန်းသူ ၃၅ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်လက်ခံမှု အခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်း ဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်" မှာကြားခဲ့ပြီး ဟင်္သာတခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာဆရာ၊ ဆရာမများအား Biometric Data များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အချက်အလက်များ မှန်ကန်မြန်ဆန်စွာ ဖြည့်သွင်းစေရေးနှင့် စနစ်တကျ မှတ်တမ်းထား ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)