စလင်း မေ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်ပတ်ဝန်းကျင်နှင့် ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီ ၂၀ မိနစ် အချိန်က တည်ဘိုကန်ကျေးရွာအနီးရှိ သစ်တောကြိုးဝိုင်း အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်အဆင့်ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အသင်းဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ တည်ဘိုကန်ကျေးရွာ အခြေခံပညာကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၊ ကျေးရွာနေ ပြည်သူများက သစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်အား ပျိုးပင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများကို စိုက်ပျိုးပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်ကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူကလေးငယ်များ၊ ကျေးရွာနေပြည်သူများ၊ အဖွဲ့အစည်း အသီးသီးတို့မှ ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပ စေရန်နှင့် အရိပ်ရသစ်ပင် ပျိုးပင်များဖြစ်သည့်၊ တမာ(၁၀၀)ပင်၊ ရေတမာ(၅၀)ပင်၊ ယင်းမာ(၅၀)ပင်၊ ယူကလစ်(၁၀၀) ပင် စုစုပေါင်းပျိုးပင် (၃၀၀)ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်တောဦးစီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသားကျောင်းသူများ ၊ ကျေးရွာနေ ပြည်သူစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)