ပန်းတောင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်က ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ အဖွဲ့ဝင်(၂)ဦးဌေးဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့်လုပ်ငန်းရှင်များ၊ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြာပြီးယခုထုတ်ပေးသည့် ချေးငွေများနှင့်ပတ်သက်ပြီး မိမိအသုံးပြုသည့်ကဏ္ဍအလိုက် အလေအလွင့်မရှိစေဘဲ စနစ်တကျအကျိုးရှိအောင်အသုံးပြုနိုင်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs အသေးစားလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား လုပ်ငန်းအမျိုးအစားအလိုက် တစ်ဦးချင်းချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် စိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်သိန်း(၉၃၄)၊ မွေးမြူရေးကဏ္ဍအတွက် ကျပ်သိန်း(၃၅၀)နှင့် MSMEs အသေးစားလုပ်ငန်းများအတွက် ကျပ်သိန်း(၁၀၀)၊ စုစုပေါင်း ကျပ်သိန်း(၁၃၈၄)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးကျန်ငွေကျပ်သိန်း(၁၂၆၆)အား မေ ၂၇ ရက်နေ့တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်း အေး(ပြန်/ဆက်)