စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲ အုတ်တွင်းမြို့နယ်၌ ကျင်းပ

အုတ်တွင်း မေ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးမန်နေဂျာဦးအောင်ဆန်းဦးက ဒေသအလိုက်ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစား/အငယ်စား/အလတ်စားစက်မှုလက်မှုလုပ်ငန်း MSMEs များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းလုပ်ကိုင်သူများအဆင်ပြေစေရန်ရည်ရွယ်၍ ရန်ပုံငွေထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိကျေးရွာအုပ်စု ၁၆ အုပ်စုမှတောင်သူ/လုပ်ငန်းရှင်ဦးရေ ၂၅၀ တက်ရောက်ခဲ့ပြီးလယ်ဧက ၁၁၀၀ အတွက် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် လယ်ဧက ၁၁၀၀ အတွက် ငွေကျပ်သိန်း ၂၂၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)