ဟားခါး မေ ၂၇
၂၀၂၃−၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဟားခါးတက္ကသိုလ်မှ ဆရာ/ဆရာမများ ၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဟားခါးမြို့ ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများက “ကျောင်းကို သွားကြစို့” တေးသီချင်းအား သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းတက်နှုန်းမြင့်မားလာရေးနှင့် ကျောင်းထွက်နှုန်းလျော့နည်းလာစေရေးတို့အတွက် ၂၀၁၁−၂၀၁၂ ခုနှစ်မှစ၍ အခမဲ့ပညာရေးစနစ်ကို မူလတန်းအဆင့်မှစတင်ပြီး ၂၀၁၅−၂၀၁၆ ပညာသင်နှစ်တွင် အထက်တန်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောင်းနေကလေးတိုင်း ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခဲ့သည့််အပြင် ငွေကြေးလုံးဝမကောက်ခံစေပဲ ကျောင်းဝင်ကြေး၊ ကျောင်းလခစသည်များကိုပါ ဖြေလျော့ပေးခဲ့ပါကြောင်း၊ ထို့ပြင်ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုရရှိရန်အတွက် ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုများကို နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ( KG+9 ) အောင်မြင်ရန်အတွက် ကလေးတိုင်း အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးရေးဦးတည်ပြီး အလယ်တန်းအဆင့် ပြီးဆုံးသူများအား ဝါသနာပါရာအသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့လာဆည်းပူးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် စက်မှု၊ စိုက်ပျိုးရေးကျောင်းများကို အခြေခံပညာကျောင်းများနှင့်တွဲ၍ ခရိုင်(၅၁)ခရိုင်ကို ယခုပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ်ရန် စတင်စီစဉ်လျက်ရှိကြောင်း၊ ပညာရေးသည် မွေးဖွားချိန်မှအစပြု၍ ဘဝတစ်လျှောက်လုံး သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံတော်အတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အဓိကအရင်းအမြစ်ဖြစ်ပါကြောင်း၊ “ ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ ကျောင်းအမြန်အပ်စို့ ” ဟူသည့် ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြိုးစားဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးဦးဘီကူးဒူက ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံမှုအခြေအနေ၊ စနစ်သစ်၏နောက်ဆုံးအတန်းဖြစ်သော Grade-9 နှင့် Grade-12 တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားပေးမည့်အခြေအနေနှင့် လက်ရှိဆရာခွဲဝေခန့်ထားမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့ကပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူကြကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )