ဟုမ္မလင်း အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရော်ဘာမိုးနှောင်း ဓာတ်မြေ သြဇာ ကျွေးနည်းစနစ်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ဟုမ္မလင်း မြို့နယ် နောင်လွန်ကျေးရွာအုပ်စု တောင်သူ ဦးဌေးမော် ရတနာရော်ဘာခြံ၌ ကျင်းပခဲ့ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး က ရော်ဘာနှင့်ကော်ဖီသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် ဆွေးနွေးပြီး၊ ဒု-ဦးစီးမှူး ဦးမင်းဇော် က မိုးနှောင်းဓာတ်မြေသြဇာကျွေးရခြင်းနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။ ရော်ဘာမိုးဦး ဓာတ်မြေ သြဇာ ကျွေးနည်းကိုလည်း မိုးဦး ဇွန်လ ပထမအပတ်တွင် တောင်သူများအား အသိပေးခြင်း ဆောင်ရွက်ပေး ခဲ့ကြသည်။
ဆက်လက်၍ ယခုအခါ ဒုတိယအကြိမ် မိုးနှောင်းရာသီးမကုန်မီ ရော်ဘာစိုက်ခင်းများ အစိုဓာက်မခမ်းမီ ဓာတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်းနှင့် အစေးလှီးရာသီချိန်တလျှောက် ရော်ဘာပင်များ အာဟာရ ဓါတ်ပြည့်ဝ၍ ထုတ်လုပ်မှုမြင့်မားစေရေး စသည်တို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိ ပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် အသိပညာပေးပွဲသို့ တက်ရောက်လာသော ဟုမ္မလင်းမြို့ နယ် နောင်လွန်၊ ညောင်ပင်သာနှင့် ကောယားကျေးရွာ အုပ်စုရှိ တောင်သူ (၁၂)ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူစုပေါင်း၍ ဓာတ်မြေ သြဇာကျွေးခြင်းကို လက်တွေ့သရုပ်သ ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
လင်းလင်း(ပြန်/ဆက်)