ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်

ဝေါ မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ အခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို ယမန် နေ့ နံနက် (၉) နာရီက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းသဇင်ဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမများက သြကာသကန်တော့ချိုး ပူဇော်ခြင်း၊  ဗုဒ္ဓဝင်အကျဥ်း၊ ဗုဒ္ဓဘာသာ အမှတ်အသား (၉၆၉) အဓိပ္ပါယ်ကို ရှင်းပြခြင်း၊  ၅၅၀ ဇာတ်တော်နှင့် သမ္ဗောဒမာနဇာတ်တော် (ညီညွတ်ခြင်း) သည်အင်အား၊ ဓမ္မကျောင်းတော် ထိခြင်းငါးပါးဘုရား ရှိခိုးနည်း (သရုပ်ပြ)နှင့် ဗုဒ္ဓကျောင်းတော် ထိခြင်းငါးပါးရှိခိုးပုံ (လင်္ကာ)၊ ယဥ်ကျေးစွာဆက်ဆံခြင်း (သရုပ်ပြ)၊ သံဃာတော်များ ယဥ်ကျေးစွာ ဆက်ဆံခြင်း(သရုပ်ပြ)၊ ပါရမီ တော် (၁၀) ပါး၊ ပညာရှိက အသက်ရှင်ရ(ပုံပြင်) ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး (ကဗျာ) အရပ် (၈) မျက်နှာမေတ္တာပို့၊ လမ်း၌ယဥ်ကျေးခြင်း၊ ကစားစဥ် ယဥ်ကျေးခြင်း၊ လောဘပုံပြင်များနှင့် ပြုမှုနေထိုင်ကြမယ်စသည့် ကဗျာများအား ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ကျောင်းသူများအား  သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)