မြဝတီ မေ ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြိ့ရှိ မဲကနယ်ကျေးရွာအုပ်စုနှင့် သင်္ဃန်းညီနောင်ကျေးရွာများတွင် ပြီးခဲ့သည့်ကာလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာသွားခဲ့ရသည့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြဝတီမြို့၊ တောရကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဆန်၊ ဆီစားသောက်ကုန်များကို လှူဒါန်းသည့် အလှူရှင် ရွှေမြစ်သောင်ရင်း စက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္မဏီလီမိတက်မှ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းမြင့်မြင့်ဝင်းက ဆန်၊ ဆီနှင့် စား သောက်ကုန်ပစ္စည်းများ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့လှူဒါန်းသည်။
ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား လှူဒါန်းစားသောက်ကုန်များအားပေးအပ်သည်။
ထိုသို့ လှူဒါန်းရာတွင် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်အိတ် တစ်အိတ်၊ ဆီတစ်လီတာဘူး တစ်ဘူး၊ မုန့်တီခြောက်တစ်ထုပ်၊ ကြက်ဥတစ်ထုပ်နှင့် အချိုမှုန့် တစ်ထုပ် လှူဒါန်းခြင်းဖြစ်ကာ စုစုပေါင်း အိမ်ထောင်စု ၁၂၀၀ ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)