ပဲခူး မေ ၂၇
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့အ.ထ.က(၁)သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၂)ပဲခူးမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အဓိကဆောက်တည်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာပြည်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား/သူများအားလုံး အနည်းဆုံးအလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်သွေးငယ်များ အနာဂတ်ပညာရေးတိုးတက်လာ၍ အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်းသားမိဘတိုင်းက ကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးစိုးလွင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အ.ထ.က(၂)ပဲခူးမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် သီဆိုဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အခြေခံပညာကျောင်းများတွင် မိဘများက လာရောက်ကျောင်းအပ်နှံနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)