ချောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ချောက် မေ ၂၆

မကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊‌ ချောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသားကျောင်းသူ​လေးများက“မြန်မာ့ကျောင်း” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦး‌စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးဦးမန်းအောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အထက်တန်းအဆင့် ကျောင်းသုံးအခမဲ့ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦး‌စန်းဝင်းကလည်း​ကောင်း၊ အလယ်တန်းအဆင့်ကျောင်း သုံးအခမဲ့ပစ္စည်းများကို ခရိုင်ပညာရေးမှူး ဦးမန်းအောင်ကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသုံးအခမဲ့ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က လည်းကောင်းကျောင်းသား/သူများအား အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ”တေးသီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်း၊ အဖွဲ့ဝင်(၃)ဦးစန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးတင်ထွန်းဦး၊ မြို့နယ်ပညာရေးမှူး‌ ဒေါ်ခင်လေးဖြူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း(၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်းခွဲကျောင်း(၃၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ အလယ်တန်းခွဲကျောင်း (၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၈)ကျောင်း၊ အမကကျောင်း(၉၂)ကျောင်း၊ အမကခွဲကျောင်း(၅)ကျောင်း စုစုပေါင်း(၂၀၂)ကျောင်းရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ​​ကျောင်းနေအရွယ်က​​လေးအားလုံး ​​ကျောင်းအပ်နှံ​ရေးသီတင်းပတ်ကို ​​မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း နှင့်ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများ လာရောက်အပ်နှံလျက်ရှိကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)