ဒိုက်ဦးမြို့နယ်တွင် ကောက်စောစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေ ကွင်းဆင်းလေ့လာ ဆောင်ရွက်

ဒိုက်ဦး အောက်တိုဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူ များ၏ ကောက်စောစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများက ရွှေအင်ဒုံကျေးရွာအုပ်စု၊ ချင်းစုကျေးရွာရှိ တောင်သူဦးကျင်သိန်း၏ လယ်ယာ ရိတ်သိမ်းရာသို့ သွားရောက်၍ စပါးအထွက်နှုန်း၊ဈေးနှုန်းနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို ကွင်းဆင်း လေ့လာခဲ့သည်။

အဆိုပါတောင်သူ၏ ဆင်းသုခစပါး ရိတ်သိမ်းခြွေလှေ့ရာတွင် တစ်ဧကကို(၈၀)တင်းနှုန်း ထွက်ရှိပြီး ရိတ်သိမ်းခြွေစက်ငှားရမ်းခမှာ တစ်ဧကလျှင် (၄၅၀၀၀)ကျပ်နှုန်းရှိကြောင်းနှင့် ရာသီဥတု အခြေအနေကြောင့် စပါးအထွက်နှုန်းအနည်းငယ်လျော့နည်းကြောင်းသိရသည်။

နိုင်ငံတော်မှ ယခုနှစ်အတွက် စပါးတင်း(၁၀၀)လျှင် (၅၂၀,၀၀၀)ကျပ်ဈေးဖြင့် အစိုဓာတ် (၁၄)ရာခိုင်နှုန်း အဖျင်းအမှော်၊ ဖုန်၊သဲ၊ ခဲ ကင်းစင်ပြီး စပါးတစ်တင်းကို (၄၆)ပေါင်နှုန်းဖြင့် သတ်မှတ်ထားသည်။ လက်ရှိမြို့နယ်တွင် စပါးတင်း(၁၀၀)လျှင် (၄၇၀၀၀၀)  ကျပ်ဈေးဖြစ်ပြီး အစိုဓာတ်မှာ ၃၀ရာခိုင်နှုန်းကျော် စပါးတစ်တင်းလျှင်(၅၀)ပေါင်နှုန်းဖြစ်နေသည်။ ၎င်းစပါးအား အခြောက်လှမ်းပြီး အစိုဓာတ်(၁၄)ရာခိုင်နှုန်းဖြစ်ပါက စပါးတစ်တင်း (၄၆)ပေါင်ဖြင့် စပါးတင်း (၁၀၀)လျှင် (၅၄၀,၀၀၀)ကျပ်နှုန်းနှင့်ညီမျှကြောင်းသိရသည်။

သန်းသန်းဝင်း