ဂန့်ဂေါ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဂန့်ဂေါခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ်စီမံကိန်းတာဝန်ပေးအပ်ရခြင်းကတော့ ဘဏ္ဍာနှစ်တစ်ခုရဲ့ အမျိုးသားစီမံကိန်းဥပဒေနဲ့ ဒေသန္တရစီမံကိန်းဥပဒေပါ ခရိုင်အတွင်းဆောင်ရွက်ရမည့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများကို အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ညီညွတ်မှု ရှိစေရန်၊ သက်ဆိုင်ရာဌာနအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရည်မှန်းချက်များအပေါ် (၈၇.၃%) အကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသန္တရစီမံကိန်းအရ လယ်ယာကဏ္ဍတွင်((၁.၈%)၊ စက်မှုကဏ္ဍတွင် (၄.၁%)နှင့်၊ ဝန်ဆောင်မှုကဏ္ဍများတွင် (၁.၇%)တိုးတက်ရရှိရန်အတွက် ဂန့်ဂေါခရိုင်နေဖြင့် GDP (၂.၀%) တိုးတက်ရရှိနိုင်ရေးအတွက် ဌာနများအလိုက်ဆောင်ရွက်ရန် တာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ပေးအပ်ရာ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များ၏ ကိုယ်စားလှယ်များမှလက်ခံရယူပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ လယ်ယာကဏ္ဍကြီး အတွက် တာဝန်ပေးအပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်မှ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မင်းသန့်ထံသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီးရည်မှန်းချက်တာဝန်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်းက ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဒေါ်တင်ဇာနည်မျိုးထံသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခိုင်ထွန်းကပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူကြပြီး သက်ဆိုင်ရာဌာနများက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် ဒေသန္တရစီမံကိန်းရည်မှန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စီးပွားရေးရည်မှန်းချက်ဖြစ်သော စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်မှု သည်အဓိကဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးသည်လည်း မဖြစ်အနေလိုအပ်မှာဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုအားနည်းသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေမှာဖြစ်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရဲ့လုပ်ငန်းများအား ယခင်ပုံမှန်ဆောင်ရွက်နိုင်မှုနှင့် လက်ရှိဆောင်ရွက်မှုအခြေအနေနှင့် နောင်တွင်ဆောင်ရွက်ရန်လိုအပ်သည်များကို စနစ်တကျစာရင်းပြုစုထားရှိ၍ ရုံးတွင်းဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အသိပညာဖြန့်ဝေခြင်းဆောင်ရွက်မှသာ လုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်သည့်အချိန်တွင် အဆင်သင့်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို မွန်းလွဲ ၁၂နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မောင်မျိုးမင်း(ပြန်/ဆက်)