မြို့သစ် မေ ၂၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ၊ နဘဲကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့သစ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက ကြို ဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာများနှင့် စစ်တမ်းကောက်ယူမည့် အချက်အလက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲစုမွန်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဉပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့သစ်မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအတွက် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အိဖြူခိုင်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူအခွင့်အရေးများအကြောင်း၊ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့် လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ပါအကြောင်းအရာများကို လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့မှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို ဖြေ ဆိုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နဘဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဗမာတိုင်းရင်းသား/သူများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်း သားများစုစုပေါင်း (၁၇၀)ဦး တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)