ကန်ကြီးထောင့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကန်ကြီးထောင့်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကန်ကြီးထောင့် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က-ကန်ကြီး‌ထောင့် အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်တင်‌မေသန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌‌အောင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ မှတက်ရောက်ခဲ့ကြသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ကန်ကြီးထောင့်)၌ ကျောင်းအပ်နှံလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌အောင်နှင့် ဗိုလ်ကြီးနိုင်လင်းထွန်းတို့က ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူ(၂၅၄၆၇)ဦး၊ ဘုန်းတော်ကြီးသင် ပညာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၀၇)ဦး၊ ကိုယ်ပိုင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၃၅)ဦး ပေါင်း(၂၆၀၀၉)ဦးတို့ ကျောင်း အပ်နှံထားလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)