ဒသမအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အုတ်တွင်းမြို့နယ်ဓမ္မစကူးလ်စာဖြေဌာနမှ ပထမဆုရရှိ

အုတ်တွင်း မေ ၂၆

ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်ပွဲစဥ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မေ ၂၅ ရက်က ရန်ကုန်မြို့(အမျိုးသားကဇာတ်ရုံ)၌ ကျင်းပခဲ့ရာ အုတ်တွင်းမြို့နယ် ရေအိုးစဥ်ကျေးရွာအုပ်စု ရေအိုးစဥ်ကျေးရွာဓမ္မစကူးလ်စာဖြေဌာနမှ မောင်စိုးသူရထွန်းက ပထမ(winner)ဆုကြီးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၌ အုတ်တွင်းမြို့နယ်၏ အောင်မြင်မှုရလဒ်များအနေဖြင့် ပြိုင်ပွဲဝင်တန်း (အလယ်တန်း)အဆင့်တွင် ပထမ(winner)ဆုရှင် မောင်စိုးသူရထွန်းက ဗုဒ္ဓဝံသဗဟုဿုတဝိသာဓရဘွဲ့အားလည်းကောင်း၊ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းခဲ့သော မောင်မြင့်မြတ်သူနှင့်မချစ်စနိုးငယ်တို့က ဗုဒ္ဓဝံသဝိသာရဒဘွဲ့များအားလည်းကောင်း၊ မြို့နယ်အခြေပြု(မူလတန်း)ရေးဖြေစာမေးပွဲတွင် ငှက်ပျောတောဓမ္မစကူးလ်စာဖြေဌာနမှ မအိမ့်မှူးခင်ကတစ်နိုင်ငံလုံးအနေဖြင့် စတုတ္ထဆုအားလည်းကောင်း၊ ရေအိုးစဥ်ဆရာတော် ဦးဝိသုတက အကောင်းဆုံးနည်းပြဆုနှင့် ဗုဒ္ဓဝံသဗဟုဿုတဓရဘွဲ့များအားလည်းကောင်းရရှိကာ အသီးသီးအောင်ပွဲဝင်နိုင်ခဲ့သည်။

ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြိုင်ပွဲဝင် ၄၂ ဦးကအဆင့်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုတ်တွင်းစာဖြေဌာနရေအိုးစဉ်ဓမ္မစကူးလ်မှ မောင်စိုးသူရထွန်းက ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ မြို့နယ်အတွင်းမှထူးချွန်ကျောင်းသားကျောင်းသူများအား စာအောင်လက်မှတ်ချီးမြှင့်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနားကို ဇွန်လ ၄ ရက်တွင် ရေအိုးစဥ်ကျောင်းတိုက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)